JellyPages.com

သူငယ်ချင်းများအတွက်

ကဗျာချစ်သော သူငယ်ချင်းများအားလုံးကို ကြိုဆိုပါတယ်


အချစ်အကြောင်း(၁)

ဒီစက္ကူပေါ်က ငါ့ အဖျားသွေးဟာ
မင်းအတွက် ပျော်စရာဖြစ်ပါစေ …..
ဒီလိုပါပဲ ငါ ရည်ရွယ်လိုက်ပါရဲ့။

အိုမင်းရင့်ရော်မှုတချို့ကို
ရုတ်တရက် ရှာတွေ့သွားသလို
ခြောက်သွေ့အိုက်စက်တဲ့ ညထဲမှာ
ငါက မနက်ခင်းတစ်ခုရဲ့
အနီရောင်အရိပ်ကလေးကို လွမ်းလို့ …………. ။

ငါ့ရင်ထဲက ဇီးကွက်တွေ
မင်းအကြောင့်ဖြစ်တဲ့ အိပ်စက်ခြင်းများ
အားလုံး တိတ်ဆိတ်နေပြီ။

အခု မင်းပန်းချီကားတွေကို
ဘာအဓိပါယ်မှမရှိဘဲ
ငါ ငေးနေမိတယ်။
အချစ် ဟုတ်လား…………
သွားစမ်းပါ။

မင်းနှုတ်ခမ်း ပျော့ပျော့လေးတွေဟာ
ပြသနာပဲ၊
သူသေရင် တို့ပါ လိုက်သေပေးမယ်လေ တဲ့
ပြသနာပဲ၊
ရည်းစားဟောင်းတွေအကြောင်း ပြောကြရင်
ငါ့ စိတ်က ထိလွယ်၊ ရှလွယ်
ပြသနာပဲ၊
ငါတို့ နှစ်ယောက်အတွက်
အရာရာဟာ ပြသနာပဲ။

မင်းကပဲ ငါ့ကျောပိုးအိတ်ထဲ
ဒိုင်ဗင်ထိုးချခဲ့သလား။
ငါကပဲ မင်းရနံ့တေါကို
ဖျားယောင်းမိသလား။
ဒီအချိန်ဆို မင်းတစ်ယောက်
ဟိုတယ်တစ်ခုရဲ့ အခန်းထဲမှာ
ရက်ဂေးသီချင်းတွေနဲ့ ကနေရော့မယ်။

ဒါမှမဟုတ်
မီးခိုးငွေ့တွေနဲ့ မင်းအပျင်းဖြေနေမှာပေါ့။
စီးကရက်တွေကလည်း
ကုန်လွယ်လွန်းလိုက်တာကွာ …………..

အခန်းတံခါးကို ဒိုင်း ခနဲ ဆောင့်ပိတ်
ကိုယ့်ကိစ္စနဲ့ကိုယ်ပဲ
ဘယ်သူ ဘာပြောချင်သလဲ။

ပန်းတွေလင်းနေတဲ့ ပုံပြင်၊
အ၀ါရောင် ဘ၀စာမျက်နှာများ၊
အချစ်ဆိုတာ
မင်းနဲ့ငါနဲ့ကြားမှာ
ရေစိုသွားသော သစ်ရွက်ကလေးများပမာ။

ဝင်္ကပါလို မင်းအကြည့်များကြောင့်
ချစ်မေတ္တာဟာ ရှုပ်ထွေးနေရဲ့
ငါ့အလွမ်းတွေလည်း တဆတ်ဆတ်ခါနေရဲ့။

အခုတော့ငါက
လက်ဖြောင့်တပ်သားတစ်ယောက်ပေါ့။
အချစ်ကို
သေနတ်ပြောင်းထဲမှာပဲ
ဖွက်ထားလိုက်တော့မယ်။ ။

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

အချစ်ကြောင်း(၂)


။ ၁ ။
ကလင် … ကလင် …… ကလင်

ဖုန်းမြည်သံဟာ
အချက်အလက်အပြည့်အစုံနဲ့
ငါ့ဦးနှောက်ကို မီးရှို့နေရဲ့။

လူဆိုတာ တစ်ကြိမ်တစ်ခါတော့
ရူးတတ်ကြစမြဲ။
ဒီလိုဆိုဖြင့်
ဟောဗျာ………
ခက်ရချည်ရဲ့ ……..
မတွေ့ရတဲ့ နေ့စွဲတွေအတွက်
မင်းကို တစိမ့်စိမ့်လွမ်းအောင်
ဘယ်လိုများ သံပတ်ပေးထားသလဲဟင်။


မိုင် ၁၀၀ ကျော် လူချင်းဝေးနေလည်း
မင်းအသံကို သယ်ဆောင်လာတဲ့
ဖုန်းကြိုးတွေဟာ အံ့သြစရာပဲ။

ရုတ်တရက် သစ်ကိုင်းကျိုးသံ
မိုးကြိုးပစ်သံ
ဘယ်အရာကမှ
မင်းအချစ်လောက် မခမ်းနားဘူး။

အစားအစာဆိုတာ အလကားပဲ၊
ဘုရားစာရွတ်တော့လည်း
ဘာမှ မထူးခြားဘူး။
ညက နက်သထက်နက်လာပြီ။

အိပ်မက်ထဲရောက်တော့
ငါ့နဖူးကို
မင်းနှုတ်ခမ်းလေးက ခလုတ်ဝင်တိုက်သတဲ့။
ဘေးနားမှ ဗုံးကွဲတာတောင်
အဲဒီအိပ်မက်က မနိုးချင်ဘူး။

။ ၂ ။
ကမ္ဘာကြီးမှာ
မီးတစ်ခေတ်
ရေတစ်ခေတ်

တောင်တန်းတွေ၊ လိပ်ပြာတွေ၊
အကြမ်းဖက်မှုတွေ၊ သြဇာသီးတွေ၊
ပြီးတော့
ငါ့သစ္စာနဲ့ ပျံသန်းနေတဲ့ မင်းအတောင်ပံတွေ ….

အရာရာဟာ စကားလုံးတွေဖြစ်ခဲ့ပြီးလား
အဝေးမြို့လေးဆီက သက်ပြင်းချသံ
မင်း ကြားနိုင်ပါ့မလား။

အခုတော့ ငါဟာ
မကြာခဏ ပေတေလေလွင့်ပြီး
ကောင်းကင်းကို ငုံ့ကြည့်သူ၊
သမ္မတဘုရှ်ရဲ့ မိန့်ခွန်းကို ဟားသူ၊
သူများကို အရိုအသေပေးဖို့ ခေါင်းမာသူ၊
မင်းလိုပဲ အလှောင်ခံရမှာကိုတော့ ရှက်တတ်သူ …….

ငါတို့ရဲ့ အငွေ့ပျံမှုမှာ
ဘယ်သူဟာ မိုးတိမ်အတုလဲ။
မင်းနှလုံးသားအကြောင်း ဘာသာပြန်ဟာ
ရောင်းမလောက်တဲ့ စာအုပ်ပဲ ။

ငါ့တို့သတင်းကို နားစွင့်နေသူတွေလည်း
တစ်နေ့တစ်ခြားများလာရဲ့။


။ ၃ ။

အရေးကြီးတဲ့ ပုံပြင်များ
လူသားဆန်တဲ့ လွပ်လပ်ခြင်းများ
ဒီနေ့ရဲ့ စက္ကူငှက်လေးများ
ရယ်လည်း ရယ်ချင်တယ်
စိတ်လည်းညစ်မိတယ်။
အရောင်မပါတဲ့ သက်တံလို
ငါက ရောင့်ရဲတတ်ပါတယ်။
နှင်းဆီဆိုတာလည်း
ကမ္ဘာဦးကတည်းက မွှေးပါလိမ့်မယ်။

ရင်ထဲက ဟာသတွေအတွက်
မီးလောက်နေတဲ့ စဉ်းစားခြင်းများအတွက်
ငါတို့အချစ်ဟာ
ပျင်းရိစရာ သတင်းတစ်ပုဒ်ပါပဲကွာ ……. ။

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

အချစ်အကြောင်း (၃)


စိတ်ကူးနဲ့
အလွမ်းကို သင်ကြားရန်
စက္ကန့်လေးတွေကို ငေးကြည့်နေမိတယ်။

ငါ့ရှေ့က ရာစုနှစ်ကြီးတစ်ခုလုံး။
ငါ့နောက်က
လူပြိန်းတို့ရဲ့ ပျော်စရာနေ့များ၊
ဘေးမှာက
အဖျားဝင်နေတဲ့ မင်းရဲ့နှုတ်ခမ်းနီးတွေ ……..
ဒါနဲ့ပဲ
လူတွေ ပြောစရာဖြစ်ခဲ့ပြီးပေါ့။

တကယ်ဆို
လျှာတချို့ အယားပြေစေရုံပါ။
မင်းနဲ့ အထိအတွေ့တွေမှာ စိတ်ကြီးဝင်ဖို့
ဘယ်လို လောင်ကျွမ်းရမလဲ
ဘယ်လို မှောက်မှားရမလဲ
အခု ငါ သိပြီ။

ဒီနေ့ရဲ့ နောက်ဆုံးအကြောင်းအရာက
သတ္တုသစ်ပင် စိုက်ပျိုးရေး၊
ဒီနှစ်အတွက်
ပထမဆုံးရောဂါက မင်းပဲ။

သံစဉ်များ၊ မေ့ဆေးများ၊
စီးကရက်များ၊ ကော်ဖီခွက်များ၊
မတောက်ပသော ကြယ်ပွင့်များသည်လည်း
ဝမ်းနည်းဖွယ်ပင်။


နေ့စဉ်ရုပ်ရှင်ဟာ
တို့နှစ်ယောက်ကြားမှာ ဆက်ရန်မရှိဆဲ၊
ဒီရေအတက်ကျဟာလည်း
လမ်းဘေးဖက်ရှင်တစ်ခုလို ခေတ်စားနေဆဲ။

သွေးမတိတ်သေးတဲ့
အောင်မြင်ကျော်ကြားမှုအကြောင်းပြောရန်
ကျွန်တော်တို့ ပျင်းခဲ့ပါပြီ။

စာရွက်ပေါ်မှာ
အချစ်ကို မောင်းနှင်ခဲ့သူပါ
အခုတော့
ငါ့ နှလုံးသားသီချင်းတွေက
ဖွယ်ဖွယ်ရာရာ ပျံ့လွင့်လို့ ………။ ။။


♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

အချစ်အကြောင်း (၄)


အချစ်ကို ခြေရာခံမိဖို့
ကြယ်တွေဆီကို မေးခွန်းထုတ်မိတယ်။


စက်တပ်ယာဉ်တစ်မျိုးလား
တစ္ဆေသရဲတစ်ကောင်လား
နာမည်လေးလုံးနဲ့ ကောင်မလေးလား
ထုတ်ချင်းပေါက်နေတဲ့
စွယ်တော်ရွက်ကလေးမှာ
ငါက သတ္တိရှိရှိ ရပ်စောင့်နေခဲ့ပြီ။

အိမ်ငေးသူတစ်ယောက်က
နက်မှောင်နေတဲ့ ပြတင်းပေါက်မှာ
ရှုခင်းတစ်ချပ်ကို တပ်လိုက်ရဲ့။

သဘာဝတရားဆီမှ
တွန့်ကြေနေသော ရနံ့လေးကို
ဘ၀င်မြင့်မိသူပါ။

မင်းရဲ့နူးညံ့မှုကို
ငါက ကာကွယ်ပေးထားချင်တာပါ။

မင်းဒေါက်ဖိနပ်သံအောက်မှာ
ငါ့သွေးသားက
အရာရာကို ငြင်းတော့မယ်။


မတတ်နိုင်ဘူး
လူငယ်ဘ၀ဟာ
ထည်ဝါခမ်းနားမှုတွေကို
လက်မြှောက်ခိုင်းမှာပဲ။
နောက်ကျသစ်တောတွေလို
မီးလောင်ပြင်ကို ရယ်ပွဲဖွဲ့မှာပဲ။

ငါတို့ အချစ်တွေက
ဂျစ်ပစီ Levi’s တစ်ထည်ပေါ့။
ရောက်ရာအရပ်မှာ အကြမ်းခံမယ်
ခေတ်မီမယ်၊ ဖက်ရှင်ကျမယ်
နောက်ဆုံး စုတ်ပြတ်သွားတဲ့အထိ
လှပနေပါလိမ့်မယ်။

သတင်းသမားက သတင်းရှိရာသို့
အနုပညာရှင်က အနုပညာရှိရာသို့
ငါက မင်းနှလုံးသားရှိရာသို့ ……….။ ။


♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

အချစ်အကြောင်း (၅)


နေ့စဉ်ရက်ဆက်
အပေါက်အပြဲများမှာ၊
ရက်စက်မှုအတိပြီးသော
သံယောဇဉ်အနက်ရောင်ထဲမှာ
ဈေးကွက်မ၀င်တဲ့
အပျော်တမ်းရည်းစားစာတွေမှာ ……..
ငါ့တို့ နှစ်ယောက်
ရွက်လွှင့်ခဲ့ကြတယ်။။။။။။။။။။


မုန်တိုင်းလို ရွေ့လျားခြင်းမှ
လေပြေလို နူးညံ့မှုများဆီ………….။


အသည်းကွဲ စီးကရက်တွေနဲ့
ဆောင်းကို သတိရနေတဲ့ ဒဏ်ရာတွေလည်း
လှပစွာ ဖူးဖွင့်ခဲ့ပြီ။


မင်းက ငှက်အော်သံတွေနဲ့
အိပ်ရာထမယ်။
ငါက အလေအလွင့်မီးခိုးတွေကို
မက်မောမယ်။

ဘာပဲဖြစ်ဖြစ်
ထူးဆန်းမှုတခုနဲ့ ဆက်သွယ်ထားသော
နေ့စွဲများမှာ
ကြေးစား၊ လူပြိန်း၊ အနုပညာရှင်၊ အချစ်ရူး ……….
ဘယ်အရာက ခေါင်းစဉ်လဲ ။
ငါတို့ရဲ့ မနက်ဖြန်တွေကိုရော
ဘယ်သူက ဆုတ်ဖြဲပစ်နိုင်မှာလဲ။

ပန်းတချို့ဟာ
ဒုက္ခကြောင့် ပွင့်ကြပေါ့။

အခု ငါက
ငရဲသားတစ်ယောက်ပဲ
ဖြစ်ချင်ပါတယ်။
မင်းအလှမှာ ပူလောင်ဖို့ …….။

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

အချစ် အကြောင်း (၆)


အမည်မပေးရသေးတဲ့
ပုံနှိပ်စာလုံးများမှာ
မင်းအကြည့်တွေနဲ့
ငါ့သံယောဇဉ်တချို့ဟာ ရောထွေးနေရဲ့။


နည်းပညာများစွာ
ဆင်းရဲခြင်းများစွာ
အသက်ရှင်နေထိုင်မှုများစွာ
တို့နှစ်ယောက်ဟာ
တာဝန်ကျေရုံ လူသားဆန်ခဲ့ခြင်းလား။
လက်ဖ၀ါးပေါ်မှ
အမှားလက္ခာဏာကို ချစ်တတ်ခဲ့ရဲ့လား။


မင်းကိုပြောဖို့ ပုံပြင်များက
ငါ့ဥိးနှောက်ဆီ ချီတက်လာကြပေါ့။

အဖြစ်အပျက်တွေ သိပ်မြန်ပေမယ့်
အဝေးဆုံးအထိ
ငါ့တို့ ခရီးရောက်ခဲ့ကြပြီ။


ဓားတစ်လက်ရဲ့ ပျော်ရွှင်မှုက
ငါ့ သွေးသားမှာ ပူနွေးလာရဲ့။

တစ်ခုတော့ မေးချင်မိတယ်။
ဒီကဗျာထဲက ငါ့အချစ်တွေကို
ဘယ်သူမီးရှို့နိုင်ပါ့မလဲ ။ ။

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

အချစ်အကြောင်း (၇)


ဆောင်းရနံ့ဟာ
ငါ့အရိုးထဲအထိရောက်လာတယ်။

မင်းက
အနီရောင်အလှကို ကိုယ်စားပြုသူ၊
ငါက
အနက်ရောင်စဉ်းစားခြင်းမှာ ပျော်မွေ့သူ …….


နေ့စဉ်ဘ၀က
ဖုန်ခါဝတ်ရတဲ့ အင်္ကျီတွေပဲ။
ဒီဇင်ဘာမသိတဲ့ သီချင်တစ်ပုဒ်ပဲ။


ဟိတ်လူ ……. မကြော်ငြာနဲ့ဆိုသော်ငြား
ဒါက မေတ္တာတရားပါ
အနုပညာပါ

မျက်ကွင်းမှာ ညိုမည်းနေသော မိန်းမတစ်ယောက်
ပန်းချီရေးရင်း မဲ့ရွဲ့လို့၊
သစ်ရွက်ကြွေတွေမှာ နာမည်ထိုးလို့၊
ငါက အချစ်အကြောင်းကို
တွေးခေါ်ရေးချွတ်နေရဲ့ ။ ။


♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

အချစ်အကြောင်း (၈)


ဒဏ်ရာပဲ
မေ့ဆေးပဲ
အမှတ်တရ ဝေးကွာခြင်းပဲ။

အိပ်မက်ပဲ
သော့တွဲတွေပဲ
နေ့စဉ်စားဝတ်နေရေးပဲ။

ခံစားမှုဝါဒီပဲ
မှော်ဆရာပဲ
အပြာရောင်ရာသီဥတုပဲ။

ကြယ်အတုတွေပဲ
လောဘကြီးသော အတွင်းသံပဲ
မီးလျှံလို စွန့်စားသူပဲ။


လျှို့ဝှက်ချက်ပဲ
စိတ်လှုပ်ရှားဖွယ်ပဲ
ဘာကိုမဆို အလွယ်တကူပဲ။

အချစ်ပဲ
ဒါမှပဲ
ရှိမှာပဲ
ဖြစ်ပျက်သမျှပဲ။ ။


♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

အချစ်အကြောင်း (၉)


ရောဂါကို ဈေးဝယ်သလို
စူးစမ်းမိတယ်။

ကိုယ့်ကိုယ်ကို ကာကွယ်ရေးအတွက်
မြေပုံဆွဲရမယ်
အပျင်းပြေ ငါးမျှားမယ်
စာအုပ်ထိုင်ဖတ်မယ်။

ဘယ်လိုနေ့စွဲတွေပါလိမ့်ကွာ ………..
ကတိစကားတွေက
ခဏခဏ မိုးခေါင်နေရဲ့။


အတတ်ပညာကို
မီးညှိပြီးဖွာလိုက်မိပြီ။


အခုဒီကဗျာက
မင်းကို ချစ်တဲ့အကြောင်း
တစ်နေ့တစ်ကြောင်း ရေးထားတာပေါ့။ ။


♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

အချစ်အကြောင်း (၁၀)


ယုတ္တိမတန်သော ဇာတ်လမ်းတစ်ပုဒ်နဲ့
တယ်လီဖုန်းခေါ်သံစူးစူးက
တကယ်ပဲ လှပခဲ့ပါပြီ။


ခေါင်းတိုင်က မီးခိုးများလည်း
တနင်္ဂနွေပြေးလမ်းပေါ်မှာ တိတ်ဆိတ်လို့။


မင်းမျက်ဝန်းဆီမှာ
အစိမ်းရောင်ဘာသာစကားအား
ငါ စဉ်းစားနေဆဲ။


လမ်းတွေက
တစ်နေ့တခြား ပိုဝေးသွားကြ၊
တချို့လည်း
ဒဏ်ရာတွေကို မေ့သွားကြတယ်။


မင်းတစ်ယောက်
ကောင်းသော မနက်ခင်းများမှာ
ငါ့ကို သတိရပါစေ။


သြော်……..
ငါတို့ နေ့ရက်တွေက
နတ်ဖွက်ခံရတာလား၊
ဒါမှ မဟုတ်
လူကြိုက်များသော
မျက်လှည့်ပွဲတစ်မျိုးလား။ ။


♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

အချစ်အကြောင်း (၁၁)


ကဲ
ကြည့်ကြရအောင် ……… ။


ခေတ်ကာလထဲ ရပ်ငေးနေသော
အဖြူရောင်အ၀တ်စများ
ရောင်စုံဒိုင်ဗင်များ
ပျံသန်းခြင်းမိတ္တူများ
သူမ၏ ကိုယ်ရေးကိုယ်တာမှတ်တမ်းများ။

တို့က လွယ်လွယ်လေး
ချစ်တတ်၊ မုန်းတတ်သွားပြီး တဲ့ ………… ။

ဟုတ်မှာပါ
အလုပ်များတယ်
စိတ်ရှုပ်တယ်
မကြာခဏဖျားတယ်
သစ္စာတရားဆိုတာမရှိဘူး
အဲ ………. မယုံဘူး။

ဘောလုံးနည်းဗျူဟာတစ်စုံက
တိုက်စစ်ဟာ
အကောင်းဆုံးခံစစ်ပဲတဲ့။

ဒီလိုပါ …..
ရိတ်သိမ်းခဲ့သမျှဟာ
မစိုက်ရသေးတဲ့ သစ်ပင်တွေပါ ……….။။ ။

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

အချစ်အကြောင်း (၁၂)


ဟုတ်သလားလို့ မေးရင်
နားလေးသလို ဟန်ဆောင်ထားလိုက်မယ်။

ထမင်းအကြွေးစားတယ်
အင်္ကျီအကြွေးဝယ်တယ်
အိမ်လခ အကြွေးထားတယ်
ဒါပေမယ့်
အကြွေးဇိမ်ခံလို့တော့ မသင့်တော်ဘူး။


မင်းနဲ့ ငါနဲ့ကြားက
သံယောဇဉ်အကြွေးများ ………… ။

ဆွေးသွားပြီ
သစ်သား၊
ပိတ်စ၊
ရတနာမြေပုံ၊
နှလုံးသားတစ်ခုနဲ့
သံမဏိချုပ်ရိုး။

မိုင်ထောင်ချီသော
ခရီးရှည်ကြီးပဲ၊
အချစ်ဆိုတာလည်း
နူးညံ့မှုတစ်ဝက်ပါတဲ့ ရမ္မက်ပဲ။


♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

အချစ်အကြောင်း (၁၃)


အံသြတာပဲ ……….. ။ ။

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥   


မပြောခဲ့ရဘူး

 
 
 
 
ဘုကျကျအလွမ်း

သွေးပျက်တဲ့စိတ်ဓာတ်နဲ့ မိန်းမချောလေးတွေမြင်တိုင်း
မင်းလားလို့ငေးတယ်။
အမှတ်တမဲ့ ဆံပင်ရှည်မလေးတွေတွေ့ရင်
မင်းလားလို့ငေးတယ်။
အမှတ်တရနဲ့ သွားခဲ့တဲ့နေရာမှာ
မင်းရှိမလားလို့တွေးတယ်။
စုံတွဲလေးတွေမြင်ရင် တစ်ချိန်တုန်းက
မင်းအပြုံးလေး ဆွေးတယ်။
ဆည်ထဲက ငါးနှုတ်ရင် ရေကျန်သေးတယ်
ငါ့ဘ၀ထဲက မင်းကိုနှုတ်ရင် အထာမှန်ခဲ့
သတိရလို့ရေးတဲ့ ကဗျာလေးတွေ ကာရန်မဲ့တယ်
ဘာကျန်ခဲ့လဲ၊ မင်းမရှိတဲ့ ငါ့ဘ၀မှာ
ဖရိုဖရဲတစ်စစီကောက်လဲ အဖတ်ဆည်မရတော့လို့
နင်ချန်ခဲ့တဲ့အဖြစ်က ဘာဆိုဘာမှငါမကြံတတ်တာ
တစ်ခါပြန်ခဲ့ပါ..
မင်းအမိန့်တွေဆို နာခံလျက်ပါ..
ဒါအမှန်ပေါ့ကွာ၊ အရာရာသဘောကျ
နောက်ဆို.. မင်းပြောသမျှကို အညာခံတော့မှာ..
အဝေးတစ်နေရာက မလာနိုင်ခဲ့လဲ
ဒီကဗျာလေးတွေ့ရင် စာချန်ခဲ့ကွာ..
အပျော်ဇယားတွေနဲ့ မသာယာတော့တာ
ငါ့ရင်ထဲမှာ ဟာနေလို့ပါ
အမှန်အတိုင်းပြောရင် ငါ..ငါ..ငါ..ဆာနေလို့ပါ။ (ရေဆာတာ လွမ်းလွန်းလို့)
 
 
ဝေးလွင့်ခြင်း
ပြန်မလာတော့ဘူးကွယ်
မင်းချန်ထားခဲ့တဲ့အတိတ်တွေထဲ
ကိုယ်တစ်ယောက်တည်း
အလွမ်းတွေပွေ့ ပိုက်လို့ 
သွားပါရစေတော့..
တကယ်ဆိုတော့လည်း
နီးဖို့ ဆိုတာဟာ
ရာခိုင်နှုန်းနဲခဲ့တော့
ဆုံဆည်းခွင့်ပေးခဲ့တဲ့
ကံတရားကိုပဲ
အပြစ်တင်နေချင်တော့တယ်
တကယ်ချစ်ခဲ့ပေမယ့်
တကယ်ဝေးခဲ့ရတာပဲလေ
ချစ်ခြင်းကိုအပြစ်မတင်ချင်ပေမယ့်
ကံကြမ္မာကိုတော့စိတ်နာချင်တယ်
ချစ်တတ်ခဲ့တဲ့နှလုံးသားကိုတော့
အမြဲတမ်း..
ကျေးဇူးတင်နေဦးမယ်..
သွားတော့မယ်ကွယ်..
မင်းရဲ့ အရိပ်တို့ နဲ့ ဝေးရာဆီကို
ကိုယ်နှုတ်ဆက်ခဲ့တယ်..
လွမ်းဆွတ်နေဦးမယ်..
ကိုယ့်အိပ်မက်လေးရယ်...

သူငယ်ချင်းများအတွက်

များသဟာဆွေ အွန်လိုင်းပေါ်မှာလ

တွေ့ကာလေ ခင်မင်ခဲ့ရှာပေါ့

ငယ်ပေါင်းဖော် သူငယ်ချင်းပမာ

ရင်းနှီးကြရှာ ... ။

တစ်နေ့အခါဝယ် လိုင်းပေါ်မရောက်ရင်ကွဲ့

ဝိုင်းကာလေ အပြစ်တွေပေးကာပေါ့

ကြည့်နူးစရာ ချစ်စရာစကားတွေနဲ့

စနောက်လို့သာ ...။

ချက်ထိုင်စရာ ပိုက်ဆံမရှိရင်လည်း

အလစ်မှာကွယ် ခိုးကာထားရှာပေါ့

အမေ့ပိုက်ဆံ ဘီရိုထဲက

လှမ်းလို့သာဆွဲ .. ။ ..။

လမ်းခွဲစကားကို ဟာသတစ်ပုဒ်လို
နားထောင်နေတဲ့ နင့်ကို ငါဘယ်လိုအတည်ပြောရမလဲ
နင် ရယ်ရင် လည်း ရယ်စရာကြီးပါ
နင့်ကို အပိုးကျိုးအောင်ချစ်ခဲ့ရတဲ့ ဟောဒီကောင်က
ပြောတဲ့ လမ်းခွဲစကားကို နင်ဟားတိုက်တာ
မထူးဆန်းပါဘူး
နာနာနေတဲ့ ဘယ်ဘက်ရင်အုံကို အသာဖိပြီး
မျက်ရည်စကို နင်မမြင်အောင် အားတင်းရင်း
အပြုံးတွေ ယောင်ယောင်လေးနဲ့
ဒီစကားပြောဖို့ ငါဘယ်လောက်သတ္တိရှိခဲ့ရသလဲဆိုတာ
ငါကိုယ်တိုင် အသိဆုံးပါ
ဆန်ကျင့်ဘက် လူသားနှစ်ဦးကို
ပြေလည်ဖို့ မကြိုးစားချင်တော့ဘူး
နားလည်ပေးလို့ မရနိုင်တော့
လမ်းခွဲတာ အကောင်းဆုံးပါ
ခံစားရမှာ သိပေမယ့်လည်း
နာကျင်ရမှာ တွေးကြောက်လို့
ဒီစကားပြောခဲ့တာ နင် မရယ်လိုက်ပါနဲ့ ချစ်သူ
အဲဒီနေ့က နင့်ကို
ငါ မပြောခဲ့ရဘူး
ဒီတစ်ခါ အတည် ပါ ငါနင့်ကိုမုန်းတယ်
တကယ်ပြောတာနော်
ဒါ အတည်...........တကယ် အတည်....

No comments:

Post a Comment